ဒရက်ကူလာ (၁)
Chapter One – The Strange Ride
Jonathan Harker’s Journal
3 May, Bistritz
(၁)ရက်နေ့က Transylvania ကို သွားဖို့ Munich ကနေ ရထားစီးခဲ့တယ်။ ခရီးစဉ်တလျှောက် အတူသွားခရီးသည်တွေ စားပွဲထိုးဝန်ထမ်းတွေနဲ့ ဂျာမန်လို နည်းနည်းပြောခဲ့တယ်။ Transylvania မြို့ အကြောင်းကို ဖတ်ပြီး ကျတော်နဲ့ အတူ အလုပ်လုပ်ရမဲ့ အမှုသည် (မြို့စား) အမတ် Dracula ကို လေးစားမိတယ်။ ကျတော်က လန်ဒန်မှာ အလုပ်လုပ်နေတဲ့ ရှေ့နေတစ်ယောက်ပါ။ ထိုပုဂ္ဂိုလ်ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ လန်ဒန်မှာရှိသောပိုင်ဆိုင်မှု့ အများအပြား စာရင်းကိုလည်း ကုမ္ပဏီက ကျတော့ကို ပေးပို့ထားပြီးပါပြီ။
ခရီးစဉ်အတွင်းမှာ paprika က အကောင်းဆုံးကြက်ကင်ရယ်၊ ဒေသအခေါ် mamaliga လို့ခေါ်တဲ့ ပြောင်းမှုန့် ယာဂုရယ်၊ ခရမ်းသီးအစာသွတ်ရယ်ကို စားခဲ့တယ်။ ကျတော့်အတွက်ကတော့ ကြက်သားက နဲနဲ အကျက်လွန်နေလို့ တညလုံး ရေငုံ သောက်လာရတယ်။
အပြင်မှာတော့ အလှတရားက လွှမ်းခြုံနေတယ်။ တခါတရံ မြို့ငယ်လေးတွေ ဒါမှမဟုတ် မတ်စောက်တဲ့ တောင်ကုန်းတွေပေါ်က ရဲတိုက်တွေကို ဖြတ်သန်းသွားတယ်။ တခါတရံမှတော့ မြစ်တွေနဲ့ စမ်းချောင်းငယ်တွေကို ဖြတ်သွားတယ်။ ကျွဲနွားတွေက လတ်ဆတ်တဲ့ မြေပြန့်မြက်ခင်းတွေပေါ်မှာ အေးချမ်းစွာ လျှပ်တိုက်စားနေကြတယ်။
အမတ်ရဲ့ Bistritz မြို့ကို ကျတော်တို့ရောက်တော့ နောက်ကျနေပြီ။ အဲ့ဒီမြို့လေးက Transylvania, Moldavia နဲ့ Bukovina ပြည်နယ်တို့ရဲ့ နယ်မြေစပ်ကြားမှာ တည်ရှိပါတယ်။
ဟိုတယ်ရောက်တော့ Count ဆီက စာတစ်စောင်လက်ခံရရှိခဲ့တယ်။
“ မိတ်ဆွေ
Carpathians မှ ကြိုဆိုပါတယ်။
တည်းခိုဆောင်ပိုင်ရှင်က ခင်ဗျားကို ဒီကိုလာဖို့ ကူညီပို့ဆောင်ပေးပါလိမ့်မယ်။
ကျတော့်ရဲ့ သာယာလှပတဲ့မြေမှာ နေရတာ စိတ်ကျေနပ်ပျော်ရွှင်ပါလိမ့်မယ်။ ဒီတော့ ခင်ဗျားရဲ့ခရီးစဉ်က ပျော်ရွှင်စရာ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Dracula”
ဟိုတယ်က အေးချမ်းလို့ ကျတော်အိပ်ပျော်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက ……..အိပ်မပျော်နိုင်ခဲ့ဘူး။
* * * * * *
5 May
ကျတော် မထွက်ခွာခင်လေးမှာပဲ တည်းခိုဆောင်ပိုင်ရှင် အဒေါ်ကြီးက ကျတော့်အခန်းဆီကို တက်လာခဲ့ပြီး တုန်လှုပ်သော ပြောပါတယ်။
‘မင်းသွားတော့မလို့လား၊ Oh! လူငယ်လေး မင်းသွားတော့မလို့လား ‘
သူမက အရမ်း စိတ်လှုပ်ရှားနေလို့ ဘာသာစကားတွေ ရောပြီးပြောနေတာကြောင့် ကျတော် အကုန်တော့ နားမလည်လိုက်ဘူး။ ကျတော့် လုံခြုံမှုအတွက် လက်ဝါးကပ်တိုင်ပုံစံငယ်ကို ဆောင်သွားဖို့ သဘောတူလိုက်တော့မှပဲ ကျတော့်ကို သွားခွင့်ပြုပါတော့တယ်။ ဒီအမူအယာဟာ အရမ်းထူးဆန်းနေတယ်လို့ ကျတော်တွေးနေမိတယ်။
အပြင်ဘက်မှာတော့ ထူးဆန်းတဲ့လူတစ်ယောက်က ဗီရိုလှည်းမောင်းပြီး လိုက်ပို့ပေးဖို့ ရောက်လာတယ်။ မြို့သူမြို့သားများစွာက စုဝေးနေကြပြီး ကျတော့်လှည်းအနီးမှာ ဝိုင်းအုံနေကြတယ်။ သူတို့ကြည့်ရတာ စိုးရိမ်ပူပန်နေပုံပေါ်တယ်။
သူတို့ထဲက အများစုက သူတို့ကိုယ်သူတို့ လက်ဝါးကပ်တိုင် အမှတ်အသားပြုလုပ်ကြတယ်။ သူတို့ကြည့်ရတာ ကျတော့်ကို နှုတ်ဆက်ဖို့ လာကြပုံပဲ။ ဒီအပြုအမူဟာလည်း ထူးဆန်းနေတာပဲ။
သူတို့ ငါ့အတွက် အရမ်းစိုးရိမ်နေကြတာ ငါက တိုင်းတပါးသားဖြစ်နေလို့လား။ ဒါက သူတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှု တစ်ခုပဲလား။
တောင်သူလယ်သမား၊ကျေးတောသား အများစုပါဝင်တဲ့ ဒီလူအုပ်ကြီးရဲ့ ကျတော့်ကို သွားခွင့်ပြုဖို့ တစ်ယောက်ကို တစ်ယောက်တွယ်ကပ်နေတဲ့ မြင်ကွင်းကို ကျတော် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး။ လှည်းမောင်းသူဟာ အရပ်ရှည်ရှည် မုတ်ဆိတ်တွေနဲ့ ဖြစ်ပြီး ကြီးမားတဲ့ ဦးထုပ်ကြီးနဲ့ ဖုံးကွယ်ထားသလို မြင်ရတယ်။
သူက ပိုင်ရှင်နဲ့ စကားပြောနေစဉ်မှာ နီစွေးတဲ့ နှုတ်ခမ်း၊ ဆင်စွယ်လို ဖြူဖွေးနေတဲ့ သွားထက်ထက်တွေရှိတဲ့ သူ့ရဲ့မာကျောတဲ့ မျက်နှာပေါ် မီးအိမ်ရဲ့ အလင်းရောင်က ကျရောက်နေတယ်။ ပိုင်ရှင်ဟာ သူနဲ့ မျက်လုံးချင်းဆုံဖို့ ရှောင်လွဲနေပြီး၊ သူမနားက ထိုသူ ထွက်ခွာသွားတော့ ပျော်သွားပုံပေါ်တယ်။
သူက ကျတော့်ဆီလာပြီး ထူထဲတဲ့ အနက်ရောင် ခြုံလွှာကို ကျတော့် ပုခုံးပေါ် တင်ပေးရင်း လက်အိတ်တစ်စုံကို ကမ်းပေးလိုက်တယ်။ သူက အရမ်းကောင်းတဲ့ ဂျာမန်လေသံနဲ့ ပြောတယ်။
“ ညက အရမ်းအေးတယ်။ ချစ်လှစွာသော ဆရာ သခင် အမတ်မင်းက ခင်ဗျားကို ဂရုစိုက်ဖို့ ပြောထားတယ်။ “
မြင်းတွေက ဗီရိုလှည်းကို စတင်ဆွဲတဲ့ အချိန်မှာ ပိုင်ရှင်အဒေါ်ကြီးက ကျတော့်ကို နောက်ဆုံးတစ်ချက်ကြည့်ပြီး သက်ပြင်းတစ်ချက်နဲ့ လက်ဝါးကပ်တိုင် အမှတ်အသားပြုတယ်။
ကျတော်တို့ စီးလာတဲ့ လမ်းတလျှောက်မှာ မြင်းလေးကောင်ကြည့်ရတာ တဆတ်ဆတ်တုန်နေသလိုပဲ။
အဝေးဆီက အစာရှာနေတဲ့ ဝံပုလွေတွေရဲ့ အူသံကို ကြားနေရတယ်။ လှည်းမောင်းသူဟာ မြင်းတွေကို ချော့နေပြီး၊ သူတို့နားနားကို တစ်ခုခု တီးတိုးပြောလိုက်တယ်။ ရုတ်တရက် ကျတော့်ရဲ့ ဘယ်ဘက် အမှောင်ထဲက အပြာရောင်မီးတောက် တစ်ချက် မြင်လိုက်ရတယ်။ လှည်းမောင်းသူလည်း မြင်လိုက်ပုံပေါ်တယ်။
အဲ့ဒီအချိန်မှာ သူက လှည်းပေါ်က ဆင်းသွားပြီး အမှောင်ထဲကို တိုးဝင်လျှောက်သွားတယ်။ တချိန်တည်းမှာ တိမ်တွေက လပြည့်ဝန်းဆီက ဖယ်ခွာသွားတယ်။
လရောင်ထဲမှာ ကျတော်မြင်လိုက်ရတာက ကျတော်တို့ကို ဝိုင်းနေတဲ့ ဝံပုလွေအုပ်။ အဖြူရောင်သွားစွယ်တွေ သွားရည်တွေကျနေတဲ့ လျှာနီရဲတွေနဲ့ အမွှေးတွေကလည်း ထောင်နေတယ်။ ကျတော် မင်သက်နေမိတယ်။ နှလုံးသားက ခုန်ထွက် သွားသလိုပဲ။ ကျတော် အခုမှ သတိပြုမိတာက သူတို့ကို ရင်ဆိုင်ဖို့ ကျတော့်မှာ ဘာလက်နက်မှ ရှိမနေတာပဲ။ ဝံပုလွေ တွေက လရောင်ရဲ့စွမ်းအားတွေ သူတိုပေါ်ကျရောက်နေသလို စတင်အူကြတော့တယ်။
မြင်းတွေကလည်း တဆတ်ဆတ်တုန်နေပြီး သူတို့ရဲ့ မျက်လုံးတွေ ကြောက်ရွံမှုကြောင့် လည်နေတာက ကျတော့်ကို ပိုချောက်ချားစေတယ်။ လှည်းမောင်းသူပြန်လာသည့်တိုင်အောင် ကျတော် ကျောက်ရုပ်လို မလှုပ်မယှက်ရှိနေခဲ့တယ်။ ဝံပုလွေတွေ ထွက်ခွာသွားအောင် တခုခုလုပ်နိုင်ဖို့ ကျတော်ဆုတောင်းမိတယ်။
အပြင်ဘက်အမှောင်ထဲ တောအုပ်ဘက်ဆီကနေ မြင်းလှည်းမောင်းသူ ပြန်လာတယ်။ သူက အသံပြင်းပြင်း တချက် ပြုလိုက်ပြီး သူ့လက်မောင်းရှည်တွေကို လှုပ်ရှားလိုက်တယ်။ အနှောက်အယှက်တွေ့သလို ဝံပုလွေတွေ ပြန်ကျသွားတယ်။
အဲ့ဒီခဏမှာပဲ တိမ်ထူထူတွေက လကို ဖုံးအုပ်သွားတယ်။ ကျတော် ပြန်မြင်တွေ့နိုင်ချိန်မှာတော့ လှည်းမောင်းသူဟာ လှည်းပေါ်တက်ပြီးနေပြီ၊ ဝံပုလွေတွေဟာလည်း ပျောက်ကွယ်သွားပြီ။
ဒီကြောက်လန့်ဖွယ် အချင်းအရာကြောင့် ကျတော် စကားပြောဖို့တောင် အရမ်းကြောက်နေပြီး လှုပ်တောင်မလှုပ်ရဲဘူး။
ကျောက်ခဲထူတဲ့ လမ်းတလျှောက် တက်လိုက် ဆင်းလိုက်နဲ့ ဆက်စီးသွားကြတယ်။ ရုတ်တရက် လှည်းမောင်းသူက နှေးလိုက်တာကို သတိပြုမိလို့ အပြင်ဘက်ကို ကြည့်လိုက်တယ်။
လပြည့်ဝန်းရဲ့ လရောင်အောက်မှာ ရဲတိုက်သဏန် မဲမဲအရိပ်ကို တွေ့ရတယ်။ ပြသာဒ်ရှည်ရှည်၊ အလင်း မဝင်ရောက်နိုင်တဲ့ ပြတင်းပေါက်မည်းမည်းတွေနဲ့။
လှည်းရပ်သွားတဲ့အခါ လှည်းမောင်းသူက ခုန်ဆင်းလိုက်ပြီး ကျတော်ဆင်းတာကူညီဖို့ လက်လှမ်းပေးလိုက်တယ်။ သူ့ရဲ့ လက်က သံမဏိလို သန်မာပြီး၊ သူသာလုပ်ချင်တယ်ဆို ကျတော့်ကို ချိုးချေပစ်နိုင်တယ်ဆိုတာ ကျတော်သိတယ်။ သူက ကျတော့် အိတ်ကို သယ်ယူသွားပြီး မြေပေါ် ချထားလိုက်တယ်။ ကျတော် Dracula ရဲတိုက်ဝင်းရဲ့ ပင်မတံခါးနားမှာ ရပ်လိုက်တယ်။
ကျတော်ရပ်ကြည့်နေတုန်း လေးလံတဲ့ ကျောက်တံခါးကြီးက သော့ပွင့်လာတယ်။ ဖြေးညှင်းစွာ ပွင့်သွားတဲ့ တံခါးရဲ့ တကျွီကျွီမြည်သံက ကျတော့်ကို ချောက်ချားစေတယ်။
အတွင်းဘက်မှာတော့ သန့်စင်တဲ့ အဖြူရောင် မုတ်ဆိတ်ကျင်စွယ်ရှည်တွေနဲ့ အရပ်ရှည်ရှည် လူကြီးတစ်ယောက် ရပ်နေတယ်။ သူ့လက်ထဲမှာ မီးတောက်နေတဲ့ ငွေမီးအိမ်တစ်ခုကို ကိုင်ထားပြီး တဖျတ်ဖျတ်လှုပ်ရှားနေတဲ့ အရိပ်တွေက ပွင့်လာတဲ့ တံခါးကို ဖြတ်ပြီး ပေါ်နေတယ်။ သူက အနက်ရောင် ဝတ်စုံပြည့်ဝတ်ထားတယ်။
ကျတော့ကို အထဲကိုဝင်စေပြီး အရှေ့ဥရောပသံ နည်းနည်းပါနေတဲ့ ကောင်းမွန်တဲ့ အင်္ဂလိပ်သံနဲ့ ပြောလာတယ်။
“ ကျတော်က Dracula ပါ။ ကျတော့်ဂေဟာက ကြိုဆိုပါတယ်။ ကိုယ့်အိမ်လို လွတ်လွတ်လပ်လပ်နေပါ။ ‘
ဒီနေရာရဲ့ လေထုက အေးစက်လွန်းတယ်။
အမတ် Dracula က လုံးဝမလှုပ်ဘူး။ ရုပ်တုလိုပဲ ရပ်နေတယ်။ ကျတော့်ကို ကြိုဆို နှုတ်ဆက်တဲ့ စကားနည်းနည်း ပြောပြီး ကျောက်ရုပ်လိုပဲ ပြန်ဖြစ်သွားတယ်။
-
Comments
Post a Comment