ဒရက်ကူလာ (၄)

 Chapter Four – Dracula’s First Strike

Mina Harker’s Journal

24 July

လူစီနဲ့ ကျမ ဘူတာရုံမှာ ဆုံတွေ့ကြတယ်။ သူ့ကို ကြည့်ရတာ အရင်ကထက် ပိုချစ်စရာကောင်းလာတယ်။ သူမနဲ့ Mr Arthur Holmwood တို့ရဲ့ စေ့စပ်မှု့အကြောင်းပြောဖို့ အရမ်းကို စိတ်စောနေတယ်။ သူက ချမ်းသာ ကြွယ်ဝပြီး ထက်မြက်တဲ့ လူငယ် တစ်ယောက်ပါ။ ဒါကြောင့် လူစီကတော့ အရမ်းပျော်နေပြီး စိတ်လှုပ်ရှားနေတယ်လေ။ ကျမလည်း ကျမယောက်ျားကို အရမ်းလွမ်းနေချိန်မျိုးမှာ ကိုယ် ရင်းနှီးခင်မင်တဲ့ မိတ်ဆွေနဲ့ ဆုံတွေ့တာ ပျော်ပါတယ်။

ကျမယောက်ျား Jonathan က အလုပ်ကိစနဲ့ Transylvania ကို ခရီးထွက်သွားပြီးကတည်းက စာလေးတစ်စောင်တောင် မရခဲ့ဘူး။ သူ အဆင်ပြေပြေရှိနေပြီး ကျမအကြောင်း တွေးနေမယ်လို့တော့ မျှော်လင့်ရတာပါပဲ။

-

3 August

လူစီက ပင်လယ်နဲ့ နီးတဲ့ နေရာမှာ နေတယ်။ ကျမ ဒီမှာ ပျော်တယ်။ လန်ဒန်မှာ သိမ်းမြစ် ရှိပေမဲ့ ဒီမှာလို ပင်လယ်ကို မမြင်နိုင်ဘူးလေ။ အိုး……ပင်လယ်လေညှင်းလေးတွေထဲမှာ တစ်ခုခုရှိနေတယ်လို့ ကျမယုံတယ်။ 

နေ့တိုင်းပဲ သင်္ဘောဆိပ်ကို မြင်နိုင်တဲ့ ခုံတန်းရှည်ပေါ် ကျမတို့ သွားထိုင်ခဲ့ကြတယ်။ အဲ့ဒီနေရာက စကားပြောဖို့၊ လေညှင်းခံဖို့ ကောင်းတဲ့နေရာတစ်ခုပဲ။

ဒါပေမဲ့ ဒီနေ့ ထူးဆန်းနေတယ်။ လေကလည်း ပိုပြင်းထန်လာတယ်။ မီးခိုးရောင် တိမ်အုပ်တွေက ကျမတို့အပေါ်မှာ ရွေ့လျားနေတယ်။ ဆိပ်ကမ်းကပ် သင်္ဘောတွေ အတွက် ခက်ခဲတဲ့ အချိန်တွေပဲ။ ပြင်းထန်စွာ လှုပ်ရှားနေတဲ့ ရေထဲမှာ ကမ်းကပ်ဖို့ ကြိုးစားနေတာ တစ်စီးတည်းပဲရှိတယ်။

ဟိုး..မိုးကုပ်စက်ဝိုင်းဆီမှာ ထူးဆန်းတဲ့ သင်္ဘောတစ်စီးကို မြင်လိုက်ရတယ်။ လူကြီးတစ်ယောက်က အဲ့ဒါကို ညွှန်ပြပြီး ကျမတို့ကို ပြောတယ်။ 

‘ အဲ့သင်္ဘောလာနေတာ လမ်းကြောင်းမှန်မဟုတ်ဘူး။ လေကလည်းပြင်းနေတယ်။ ကြည့်ရတာ တနည်းနည်းနဲ့ တွန်းလှန်မဲ့ပုံပဲ။ ‘

သူပြောနေတာ ရပ်လိုက်တယ်။ သင်္ဘောနောက်မှာ မြင်နေရတဲ့ တိမ်မည်းအုပ် ကို ကြည့်ပြီး ဆက်ပြောတယ်။

‘မိန်းကလေးတို့ အိမ်ပြန်တာ ပိုကောင်းမယ်။ ဒီမှာ မုန်တိုင်းလာနေပြီ။ အိမ်မှာက ပိုစိတ်ချရမယ်။’

-

Cutting From The Time, 5 August

မှတ်တမ်းတင်ရလောက်တဲ့ အားအပြင်းဆုံးမုန်တိုင်းကို ဒီနေ့မှာ တွေ့ကြုံခဲ့ကြပါပြီ။ 

မုန်တိုင်းတိုက်ခတ်နေတုန်း သင်္ဘောကြီးတစ်စင်း ဆိပ်ကမ်းကို ဝင်လာတာ တွေ့ရတယ်။ သင်္ဘောက ဦးတည်ရာမဲ့ ယိမ်းထိုးနေတယ်။ လေကလည်း ဘက်ပေါင်းစုံက တိုက်နေတယ်။ သင်္ဘောဆိပ် က လူတွေကို အံ့အားသင့်စေခဲ့တာက သင်္ဘောကို ကမ်းကပ်ဖို့ ကြိုးစားနေတဲ့ အရာတစ်ခုကိုပဲ။

သင်္ဘောက ဆိပ်ကမ်းကို ထိလိုက်တဲ့ ခဏမှာပဲ ခွေးနက်ကြီးတစ်ကောင် သင်္ဘောဆီက ပြေးထွက်လာတာ မြင်ကြရတယ်။ 

သင်္ဘောနဲ့ လူတွေ နီးကပ်လာချိန်မှာ သင်္ဘောပဲ့ထိန်းဘီးမှာ လက်ဝါးကပ်တိုင် ပုံစံငယ်နဲ့ အတူချည်ထားတဲ့ လူသေ တစ်ယောက်ကို တွေ့လိုက်ရတော့ အကုန် ကြက်သေသေသွားကြတယ်။ (ဒါဆို သင်္ဘောက ဘယ်လို ဆိပ်ကမ်းကပ်လာတာလဲ၊ ဘယ်သူ ပဲ့ထိန်းခဲ့တာလဲ၊ ပဲ့ထိန်းဖို့ ဝန်ထမ်းမရှိခဲ့တာလား၊)

မေးခွန်းပေါင်းများစွာက တာဝန်ရှိသူတွေကို ဒုက္ခ ရောက်စေခဲ့တယ်။ သင်္ဘောခရီးမှတ်တမ်းကို ရှာတွေ့ချိန်ထိအောင်ပါပဲ။

သင်္ဘော မှတ်တမ်းထဲမှာ ရေးထားတာက လျှို့ဝှက်ပြီး၊ အရပ်ရှည်ရှည်၊ ဖြူဖပ်ဖြူလျော်နဲ့ လူကြီးတစ်ယောက် သင်္ဘောပေါ်မှာ လျှောက်သွားနေတာကို မြင်ရတဲ့အကြောင်း၊ သင်္ဘောဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်ကုန်ပြီး နောက်ဆုံး ကျန်ခဲ့တဲ့သူ ကပ္ပတိန်က ကျန်နေသေးတဲ့ ခရီးအတွက် သူ့ကိုယ်သူ ပဲ့ထိန်းဘီးမှာ လက်ဝါးကပ်တိုင်နဲ့အတူ ချည်ခဲ့တယ်။ 

သင်္ဘောမှာ ရှိတဲ့ တစ်ခုတည်းသော ပို့ကုန်က ခေါင်းသေတ္တာ (၅၀) ပဲ။

စုပြုံနေတဲ့ လူအုပ်ကြီးက ကပ္ပတိန်ရဲ့ သတ္တိကို လေးစားကြောက်လန့်မိကြတယ်။ ပြီးတော့ မယုံကြည်နိုင်စရာ နည်းလမ်းနဲ့ သင်္ဘောက ဆိပ်ကမ်းကို ရောက်လာခဲ့တာကိုရောပဲ။ အသေးစိတ်အချက်တွေကိုတော့ လာမဲ့အခန်းတွေမှာ ပြောတာပေါ့။

-

Mina Harker’s Journal

8 August

လူစီဟာ တညလုံး အနားမနေဘူး။ လရောင်အောက်မှာ ခုံတန်းရှည်ပေါ်ထိုင်ဖို့ သင်္ဘောဆိပ်ကို သူမဘာသာ သွားတယ်။ သူမက ပြောသေးတယ် ။ လတ်ဆတ်တဲ့လေကို ရှုဖို့ လိုတယ်တဲ့လေ။ ကျမလည်း လူစီ မရှိဘဲ အိမ်ထဲနေဖို့ စိတ်မပါတော့ဘူး။ ခဏကြာတော့ သင်္ဘောဆိပ်မှာ လူစီနဲ့အတူ ထိုင်ပေးဖို့ သူမခြေလှမ်းအတိုင်း ကျမ လိုက်သွားခဲ့တယ်။

ဆိပ်ကမ်းကို အဝေးကြီး မလျှောက်ရပါဘူး။ ကျမ ခုံတန်းနား နီးလာတဲ့အချိန်မှာ လူစီရဲ့ အရိပ်မည်းမည်းကို အမှောင်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ဒါပေမဲ့ ကျမ ထင်တာ ထိုင်ခုံပေါ်ထိုင်နေတဲ့ လူစီ့ ကိုယ်ပေါ်ကို အရိပ်မည်းမည်းတစ်ခု ကိုင်းနေတာ မြင်ရသလိုပဲ။

ပထမတော့ ကျမထင်တာက အဲ့ဒါ Mr Arthur ဖြစ်လိမ့်မယ်ပေါ့၊ ဒါပေမဲ့ ကြည့်ရတာ မဟုတ်သလိုပဲ။ ကျမ ထိတ်လန့်လာပြီး (လူစီ  လူစီ) လို့ အော်ခေါ်ရင်း ခုံရှည်ဆီ ပြေးလာခဲ့တယ်။ 

ကျမ အဲ့ဒီနားရောက်တဲ့ အချိန်မှာ လူစီ တစ်ယောက်တည်းပဲ။ ဒါပေမဲ့ နေမကောင်းပုံ ပေါ်နေတယ်။ 

လူစီက ခက်ခက်ခဲခဲ အသက်ရှုနေရပြီး၊ သွေးမရှိသလို ဖြူဖပ်ဖြူလျော် ဖြစ်နေတယ်။ ဒါကြောင့် လူစီကို ချက်ချင်းပဲ အိမ်ထဲ သယ်လာခဲ့တယ်။ သူမက အသက်ရှုဖို့ ခက်ခဲနေပြီး လေပြတ်လပ်နေသလိုပဲ။ သူမကြည့်ရတာ အားနည်းနေပြီး ပင်ပန်းနေပုံပေါ်တယ်။ ကျမ လူစီ့ကို ခဏအနားယူဖို့ အိပ်ရာထဲ ပို့ပေးခဲ့တယ်။

လူစီကို ကုတင်ပေါ်ရောက်အောင် ကူညီပေးပြီးတဲ့နောက်၊ လူစီရဲ့ လည်ပင်းဘေးဘက်မှာ ရှိနေတဲ့ အပေါက်လေး နှစ်ခုကို ကျမ သတိပြုမိလိုက်တယ်။ သူမရဲ့ အကျီပေါ်မှာလည်း သွေးစက်တချို့ ရှိနေတယ်။ ဒီသွေးတွေ ဘယ်က လာသလဲဆိုတာ ကျမ နားမလည်နိုင်တေ့ဘူး။ 

(လူစီ့ကို တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ကောင်ကောင် ကိုက်တာ ခံခဲ့ရတာလား။)

မနက်ထိ သူမရဲ့ အခြေအနေ ပိုမကောင်းလာဘူးဆိုရင် ကျမ ဆရာဝန်ခေါ်ရလိမ့်မယ်။

-

9 August

မနက်ကျတော့ လူစီ့ ကြည့်ရတာ သက်သာနေတာနဲ့ ကျမ ဆရာဝန်မခေါ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ညနေခင်းမှာတော့ ခုံတန်းရှည်မှာထိုင်ဖို့ သင်္ဘောဆိပ်ကို ကျမတို့ ထပ်သွားခဲ့ကြတယ်။ 

ပင်လယ်လေညှင်းတွေက လူစီရဲ့စိတ်ကို မြှင့်တင်ပေးလိုက်သလိုပဲ။ လူစီရဲ့ ပါးပြင်လေးတွေ သွေးရောင်လွှမ်းလာတာ မြင်ရတယ်။ ကျမတို့ အချိန်ခဏကြာ တိတ်ဆိတ်နေကြပြီးမှ လူစီက ခြောက်ကပ်တဲ့လေသံနဲ့ ပြောတယ်။

 “အဲ့ဒီ မျက်လုံးနီနီကြီးတွေ ထပ်လာနေပြန်ပြီ။ သူတို့က အတူတူပဲ။“

တဖက် ခုံတန်းရှည်မှာ ထိုင်နေတဲ့ အရပ်ရှည်ရှည် ဖြူလျော်လျော် လူကြီးတစ်ယောက်ကို လူစီလှမ်းကြည့်နေတာ မြင်ရတယ်။

ကျမ သူ့ကို လှမ်းကြည့်လိုက်တဲ့အခါ အဲ့ဒီလူကြီးရဲ့မျက်လုံးတွေက ဖျတ်ခနဲ မီးဝင်းဝင်းတောက်သွားသလိုပဲ။

-

Comments