ဒရက်ကူလာ (၃)

 Chapter Three – The Count Leaves for England

Jonathan Harker’s Journal

15 May


အမတ်က သတိပေးထားပေမဲ့ ရဲတိုက်ထဲက တခြားအခန်းတွေကို ကျတော် စူးစမ်းကြည့်မိတယ်။ ဒီမှာ ကျတော် လုပ်စရာ ဘာမှ မရှိသလို၊ အပေါင်းအဖော်လည်း မရှိဘူး။ ဒီရဲတိုက်ထဲ လျှောက်လေ့လာနေတာ တစ်ခုပဲရှိတာ သဘာဝကျတယ်။ ပရိဘောဂ အဆောင်အယောင်ကောင်းတွေ ခင်းကျင်းထားတဲ့ ကြွယ်ဝခြင်းတွေနဲ့ ပြတင်းပေါက်မြင့်မြင့်တွေ ကနေ မြင်နေရတဲ့ လှပတဲ့  ရှုခင်းတွေကိုတော့ လေးစား အားကျမိတယ်။


ကျတော် တကယ်ကြိုက်မိတာက တောင်ဘက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ အရမ်းငြိမ်းချမ်းတဲ့ မြင်ကွင်းတွေကိုပဲ။ ပြတင်းပေါက်မှာ မှီနေရင်း အပြင်ဘက် လရောင်ထဲမှာ ကျတော် ရုတ်တရက် မြင်လိုက်ရတာက ကျတော့်ရဲ့ အောက် ဘယ်ဘက်မှာ လှုပ်ရှားနေတဲ့ တစုံတရာ။

အဲ့ဒါက အမတ်ရဲ့ အခန်းပြတင်းပေါက်ဆီက လာတာထင်တယ်။ ကျတော်မြင်လိုက်ရတာက ကျတော့်ရဲ့ အသိဉာဏ် ခဏ ကင်းလွတ်သွားစေသလိုပဲ။

အမှောင်ကို အံတုနေတဲ့ ငွေရောင်ညမှာ ပြတင်းပေါက်ကနေ အမတ်ရဲ့ ခေါင်းထွက်လာတာကို မြင်နေရတယ်။ ဖြည်းဖြည်းလေးနဲ့ သူ့ရဲ့ တစ်ကိုယ်လုံးက ပြတင်းပေါက်ကနေ ထွက်ပေါ်လာတယ်။ နံရံတွေကို ကိုင်ထားပြီးတော့ အိမ်မြှောင်လို နံရံပေါ်ကနေ ဆင်းသက်လာတယ်။ 

သူ့ကြည့်ရတာ မြေဆွဲအားကို ဆန့်ကျင်ပြီး နံရံပေါ် ကန့်လန့်ဖြတ်သွားနေရတာကို လွယ်ကူနေတဲ့ပုံပဲ။ သူ့ရဲ့ လက်ချောင်း၊ ခြေချောင်းတွေက နံရံမျက်နှာပြင်ကို ကုပ်ထားတာ ဘယ်လို လူသားမှ မလုပ်နိုင်တဲ့ အပြုအမူမျိုးပဲ။ သူ့ရဲ့ အရင်ပုံစံနဲ့ ကွဲပြားခြားနားနေတယ်။ ဒီလို ကြောက်စရာကောင်းတဲ့ မြင်ကွင်းကြောင့် ကျတော့်သွေးတွေ အေးခဲလာသလိုပဲ။ ကျတော် ပြတင်းပေါက်ဆီကနေ အလျင်အမြန်ပဲ နောက်ဆုတ်လိုက်တယ်။ နဲနဲမှ ထပ်မကြည့်ချင်၊ မကြည့်ရဲတော့ဘူး။

(ဒီနေရာမှာ ကျတော့်ကို ဝိုင်းနေတဲ့ အန္တရာယ်တွေကို တွေးတောင် မတွေးကြည့်ရဲတော့ဘူး။ ကံကြမ္မာ အရ ကျတော်က အမတ် Dracula ရဲ့ အကျဉ်းသား တစ်ယောက်ဖြစ်နေပြီပဲ။)

အပြင်ခုန်ထွက်တော့မလို ဖြစ်နေတဲ့ နှလုံးသားနဲ့ အခန်းဆီကို အမြန်ပြန်လာလိုက်ရတယ်။ ကျတော် ကြိုးစားအိပ်ခဲ့ရတယ်ဆိုတာ ပြောစရာတောင် မလိုတော့ဘူး။

-

1st June

ဒီလို အိမ်မြှောင်ပုံစံနဲ့ အမတ် အပြင်ထွက်တာကို နောက်တခါ ထပ်တွေ့လိုက်ရသေးတယ်။ ဒီနေရာမှာ ထူးဆန်းရုံတင် မဟုတ်ဘူး။ အရမ်းအန္တရာယ်များတာ တခုခု ရှိနေတယ်ဆိုတာ ကျတော် သေချာသိဖို့ လိုလာပြီ။ ပိုမြင်ရအောင် ကျတော့် လည်ပင်းကို ဆန့်ပြီး ကြည့်ပေမဲ့ အမတ်က အပေါက် တစ်ခု ဒါမှမဟုတ် နံရံအက်ကွဲကြောင်း တစ်ခုထဲ ဝင်ရောက်ပျောက်ကွယ် သွားတယ်။ အမတ် အပြင်ထွက်နေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး ရဲတိုက်ထဲ ပိုပြီး စူးစမ်းရှာဖွေမိတယ်။ တံခါးသော့တွေများ တွေ့မလားလို့။ 

ကျတော့်ရဲ့ ကံကို စမ်းကြည့်ဖို့ နာရီအနည်းငယ်လောက် ကြိုးစားကြည့်ပြီးနောက်၊ ကြီးမားလေးလံတဲ့ တံခါးတစ်ချပ် ပိတ်ထားတာကို ကျတော်တွေ့တယ်။ ဒါပေမဲ့ သော့မခတ်ထားဘူး။ ကျတော် လှုပ်ပြီး တွန်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တံခါးက တစ်လက်မတောင် ရွေ့အောင် မတတ်နိုင်ဘူး။ ကျတော် လက်လျော့လိုက်တယ်။ ကျတော် ပင်ပန်းသွားလို့ အခန်းထဲက စားပွဲမှာ ထိုင်ပြီး ကျတော့် မှတ်တမ်းကို စရေးခဲ့တယ်။ အချိန်ခဏ ကြာပြီးနောက်၊ စိတ်ပင်ပန်းမှုကြောင့် ကျတော် အိပ်ငိုက်သွားတယ်။

ကျတော် နိုးလာတဲ့ အချိန်မှာ အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတာ အာရုံရတယ်။ ကျတော့်ကို ဘယ်လို ဆိုးရွားမှုတွေ စောင့်နေမယ်ဆိုတာ မသိနိုင်လို့ ချက်ချင်းထ မထိုင်ချင်ခဲ့ဘူး။ အဲ့ဒီအစား မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တယ်။ လရောင်အောက်မှာ ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေး သုံးယောက် (ကျတော့်ရဲ့ ဆန့်ကျင်ဘက်မှာ) ရှိနေတယ်။ သုံးယောက်လုံးက သွေးမရှိသလို ဖြူဖပ်ဖြူလျော်နဲ့၊ ဖြူဖွေးတောက်ပနေတဲ့ သွားတွေနဲ့ နှုတ်ခမ်းတွေ နီစွေးလို့။

သူတို့က တစ္ဆေလို လေသံနဲ့ ပြောတယ်။

"အိုး …. ငါတို့ ဒီမှာ ဘာလုပ်နေတာပါလိမ့် "

ကျတော့်မျက်လုံးတွေကို ပိတ်ထားပြီး အိပ်ချင်ယောင် ဆောင်နေလိုက်တယ်။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်၊ ကျတော့် အမျိုးသမီး Mina ကိုလည်း အရမ်းချစ်တဲ့သူ တစ်ယောက်အနေနဲ့တောင် ဒီအမျိုးသမီးတွေက ထူးဆန်းတဲ့ ဆွဲဆောင်မှု ရှိနေတာကို ကျတော် ခံစားရတယ်။ သူတို့ထဲက တစ်ယောက်က ကျတော့် အနားကပ်လာတယ်။ ကျတော်နဲ့ နီးအောင် ကိုယ်ကို ကိုင်းလိုက်ပြီး သူမရဲ့ သွားတွေ ကျတော့် လည်ပင်းဆီ ထိလာတာကို ကျတော် သိလိုက်တယ်။

အဲ့ဒီ ခဏမှာပဲ အမတ်က အခန်းထဲဝင်လာပြီး သူမကို ဒေါသတကြီး ဆွဲလိုက်တယ်။ သူတီးတိုးပြောလိုက်တဲ့ အသံက တိုးပေမဲ့ လေဟာနယ် ကို ဖြတ်ပြီး လာသလိုပဲ။ 

" ဘယ်လိုလုပ် သူ့ကို ထိရဲရတာလဲ။ ဒီလူက ငါ့အတွက်။" 

" ဒါဆို ဒီည ငါတို့ ဘာလုပ်ရမှာလဲ။"  အမျိုးသမီး တစ်ယောက်ကပြောတယ်။ 

အမတ်က အခန်းထောင့်မှာ ရှိနေတဲ့ ဂုန်နီအိတ် တစ်အိတ်ကို ညွှန်ပြလိုက်တယ်။ ကြည့်ရတာ အထဲမှာ တခုခု လှုပ်နေသလိုပဲ။ အမျိုးသမီးက အရှေ့ကို ခုန်ပြီး အိတ်ကို ဖွင့်လိုက်တယ်။ သေးငယ်တဲ့ အကောင်ပေါက်ကလေး အထဲမှာ ရှိနေတယ်။ အမျိုးသမီးတွေက အိတ်နဲ့အတူ ခဏတာအတွင်းမှာပဲ ပျော်ရွှင်စွာ ပျောက်ကွယ်သွားတယ်။ ဒါက ကျတော်ခံနိုင်တာထက် လွန်နေပြီမလို့ လောကကြီးနဲ့ ခဏ အဆက်အသွယ်ပြတ်သွားရတေ့တယ်။ 

ကျတော် နိုးလာတဲ့ အချိန်မှာ အိပ်ရာပေါ်ပြန်ရောက်နေပြီ။ ကျတော် မှတ်မိသလောက် အဲ့ဒီ အဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့ အခန်းဆီ ပြန်သွားဖို့ ကြိုးစားခဲ့ပေမဲ့ အဲ့ဒီအခန်းက သော့ပိတ်ထားခဲ့ပြီလေ။

-

17 June

ဒီနေ့ ဂျစ်ပဆီတွေက များပြားကြီးမားတဲ့ ခေါင်းသေတ္တာတွေနဲ့ ကြိုးကို ကိုင်ဆွဲပြီး ရဲတိုက်ပေါ်တက်လာတာကို ကျတော် တွေ့ခဲ့တယ်။ ကျတော် တံခါးကို တွန်းလိုက်တော့မှ ကျတော့်အခန်းကို သော့ခတ်ထားတာ သိလိုက်ရတယ်။ ကျတော် လက်ကို ဝှေ့ယမ်းပြီး သူတို့ သတိပြုမိလာအောင် ကျတော်ကြိုးစားမိတယ်။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ ရဲတိုက်ထဲမှာ တစ်ခုခု လုပ်နေတာတော့ ကျတော် ကြားနိုင်တယ်။

18 June

ကျတော် သော့ကို နောက်ထပ်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါက အမတ်ရဲ့ အခန်းထဲမှာ ကျိန်းသေရှိလောက်တယ်။ ဒါပေမဲ့ အခန်းက သော့ခတ်ထားတယ်။

ဘာဖြစ်ဖြစ် အကြောင်းမထူးတော့တဲ့ အချိန်မှာ ကျတော့်အသက်ကို စွန့်စားပြီးတော့ အမတ်ရဲ့ အခန်းရှိမဲ့နေရာကို မှန်းဆပြီး တွယ်ဆင်းလာခဲ့တယ်။ 

သော့ကို မရှာနိုင်ဘဲနဲ့ မြေအောက်ထပ်ကို ဆင်းနိုင်တဲ့ လှေကားတစ်ခုကိုပဲ ရှာတွေ့ခဲ့တယ်။ အဲ့ဒီနေရာမှာ ဂျစ်ပဆီတွေ သယ်လာတဲ့ ခေါင်းသေတ္တာကို တွေ့တယ်။ စုစုပေါင်း (၅၀) ရှိပြီး တစ်ခုထဲမှာတော့ အမတ်က လဲလျောင်းလျက်သားရှိနေတယ်။

သူ့ကို ကြည့်ရတာ ပိုပြီး နုပျိုနေပုံပေါ်တယ်။ ဆံပင်နဲ့ မုတ်ဆိတ်တွေက မီးခိုးရောင်ရင့်ရင့် ဖြစ်နေပြီး နှုတ်ခမ်းမှာ သွေးစတွေနဲ့။ သူ့ရဲ့ မျက်လုံးတွေက ပွင့်နေပြီး ရက်စက်စွာ ပြုံးနေတယ်။ ဒီအပြုံး တစ်ချက်က ငရဲရဲ့ ဟိုးအနက်ဆုံး အပိုင်းထိ ကျဆင်းသွားနိုင်တယ်။

ဂျစ်ပဆီတွေ ပြန်လာတဲ့ အသံကို ကျတော် ကြားရချိန်မှာ ကျတော့် အခန်းဆီကို ပြန်ပြေးလာခဲ့တယ်။ နာရီ အနည်းငယ်လောက် ကြာပြီးတော့၊ ခေါင်းသေတ္တာ (၅၀) နဲ့အတူ ရဲတိုက်ထဲက ထွက်ခွာသွားတာကို တွေ့လိုက်တယ်။ ဒါဆို အမတ်က ရဲတိုက်ကနေ ထွက်သွားပြီပေါ့။

ကြည့်ရတာ ဟိုအမျိုးသမီး သုံးယောက်နဲ့ ကျတော် တစ်ယောက်ပဲ ကျန်ခဲ့ပြီး ဒီညသူတို့ရဲ့ ညစာဟာ ကျတော်ပဲ ဖြစ်လာတေ့ာမယ် ထင်ပါရဲ့။

-

Comments